Myanmar Food Culture
မြန်မာလူမျိုးများရဲ့ စားသောက်မှုပုံစံ
ကျွန်တော်တို့မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှမှာရှိတဲ့ နိုင်ငံတော်တော်များများဟာ ကစီဓါတ် အဓိကပါဝင်မှုနှုန်းများတဲ့ ထမင်းကို အလေးပြုအားထားစားသုံးနေကြပါတယ်။
မနက်စာ breakfast အနေနဲ့ စားသုံးတဲ့ ကောက်ညှင်းပေါင်းနဲ့ အကြော်၊ ထပ်တရာ၊ အီကြာကွေး၊ နံပြား၊ မုန့်ဟင်းခါး၊ မုန့်တီ အစရှိတဲ့မုန့်တွေကလည်း ကစီဓါတ်ပါဝင်တဲ့ ဂျုံနဲ့ဆန်ကိုအသုံးပြုထားတဲ့ အစားအစာတွေပါ။ ကစီဓါတ်ကို ကြာရှည်စားသုံးပါက ဆီးချိုရောဂါက်ို ဖြစ်ပွါးစေဖို့ လမ်းစဖြစ်ပေါ်လာပါတယ်။
နေ့လည်စာနဲ့ ညစာတွေမှာလည်း ဆီပြန်ဟင်းလို့ခေါ်တဲ့ ဟင်းအနှစ်တွေအများကြီးနဲ့ စားတတ်ကြပါတယ်။ ဒီလိုအဆီဓါတ်သုံးစွဲမှုများခြင်းကြောင့်လည်း သွေးတွင်းအဆီဓါတ်များလာပြီး နှလုံးသွေးကြောကျဉ်း/ ပိတ်ရောဂါများကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ထို့ပြင် သွားရည်စာအနေနဲ့ စားသုံးကြတဲ့ မြန်မာမုန့်တော်တော်များများကလည်း ကစီဓါတ်တွေပါဝင်တဲ့ ဆန်၊ ဂျုံ အစရှိတာတွေကို အခြေခံပြုလုပ်ထားတဲ့ မုန့်ပျစ်သလက်၊ မုန့်ပေါင်း၊ မုန့်ကျွဲသဲ အစရှိသည် တို့ပဲ ဖြစ်ပါတယ်။
မြန်မာလူမျိုးများရဲ့ အသားဓါတ်စားသုံးမှုက ဥရောပအနောက်နိုင်ငံများနဲ့ ယှဉ်လျှင် သိသိသာသာလျော့နည်းတာကို တွေ့ရတတ်ပါတယ်။ အသားဓါတ်နည်းပါးခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေခံစားရတတ်ပါတယ်။ ဥပမာ ကလေးငယ်တစ်ယောက်ဟာ ဖွံ့ဖြိုးကြီးထွားရမယ့်အရွယ်မှာ လုံလောက်တဲ့ အသားစားသုံးမှုမရှိပါက ကြီးထွားမှုနှုန်းမှာ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ ဟင်းသီးဟင်းရွက်/သစ်သီးဝလံတွေလည်း ပေါများပါတယ်။ သို့သော်နေ့စဉ်စားသုံးတဲ့အခါမှာ လိုအပ်တဲ့ဟင်းသီးဟင်းရွက်ပမာဏကို စားသုံးပေးဖို့ မေ့လျော့နေတတ်ကြပါတယ်။ ဟင်းသီးဟင်းရွက်/ သစ်သီးဝလံစားသုံးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေက မနည်းပါဘူး။
နောက်ဆုံးအနေနဲ့ မြန်မာတို့အကြိုက်ဆုံး ထမင်းနှင့်အတူတွဲစားရတဲ့ မပါမဖြစ် ငါးပိ၊ ငါးခြောက်၊ ငံပြာရည်တို့မှာပါဝင်တဲ့ ဆားဓါတ်ပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်အရ ဆားဓါတ်က တစ်နေ့လိုအပ်ချက်ပမာဏထက် အလွန်အကျွံစားသုံးမိပါက သွေးတိုးရောဂါနှင့် အခြားနာတာရှည်ရောဂါများကို ပိုမိုဆိုးရွားစေမှာပါ။ အငန်များများစားလျှင် ပါဝင်သည့် ဆိုဒီယမ်များကြောင့် အရိုးများကို ပျက်စီးစေပါသည်။ ဒါကြောင့် ငါးပိ၊ ငါးခြောက်၊ ငံပြာရည်တို့ကို တတ်နိုင်သမျှ ရှောင်ရှားရမှာပါ။
စားရမယ့်အစားအစာတွေအပြင် နေ့စဉ်သာက်သုံးရန်လိုအပ်တဲ့ ရေ၊ နွားနို့ စသည်တို့ကိုလည်း လုံလောက်အောင် သောက်သုံးသင့်ပါတယ်။ ရေနဲ့ နွားနို့တို့ကို သောက်သုံးတဲ့အကျင့်ကလည်း မြန်မာလူမျိုးတွေမှာ အားနည်းနေပါသေးတယ်။
အချုပ်အားဖြင့်ဆိုရသော် မြန်မာ့အစားအစာတွေဟာ အာဟာရပြည့်ဝအောင် ရွေးချယ်စရာတွေရှိပါတယ်။ မိမိတို့အလေ့အကျင့်လေးတွေ ပြုပြင်ပြောင်းလဲဖို့သာ အရေးကြီးတာပါ။ ကျန်းမာတဲ့နေ့စဉ်ဘဝတွေကို အကောင်းဆုံးပိုင်ဆိုင်နိုင်ဖို့ ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် အစားအစာတွေကို ရွေးချယ်စားသုံးဖို့ လိုပါတယ်နော်။
လူတစ်ဦးနဲ့ တစ်ဦး လိုအပ်သော စွမ်းအင်ပမာဏ၊ စားသောက်ရမယ့်ပုံစံ မတူညီနိုင်တဲ့အတွက် သေသေချာချာတိတိကျကျသိချင်တယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ အာဟာရဆရာဝန်များနှင့် “မန္တလာဆေးရုံ”တွင်ပြသပြီး အကြံဥာဏ်ရယူနိုင်ပါတယ်။